Web Application Developer ဖြစ်ဖို့

အားလုံးပဲ မင်္ဂလာပါ။ ကျွန်တော့်နာမည် ချမ်းမြေ့စန်းလှိုင်လို့ ခေါ်ပါတယ်။ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်မှ ၂၀၁၂ ခုနှစ် မှာ B.C.Sc(Hons:) ဘွဲ့ရခဲ့ပြီး အဲ့ဒီအချိန်ကတည်းကနေ အခုလက်ရှိအချိန်ထိ Web Application Developer တစ်ယောက်အနေနဲ့ အသက်မွေးဝမ်းကျောင်းပြုနေဆဲဖြစ်ပါတယ်။

ဒီနေ့ ကျွန်တော်ဆွေးနွေးချင်တဲ့ အကြောင်းအရာကတော့ Web Application Developer တစ်ယောက်ရဲ့ လုပ်ငန်းတာဝန်တွေနဲ့ သိထားသင့်တဲ့ အခြေခံနည်းပညာတွေရယ်ကို ဆွေးနွေးသွားချင်ပါတယ်။

ကွန်ပျူတာကျောင်းသားတွေအတွက် ဖိုရမ်ဖြစ်လို့ Web Application ဆိုတာဘာလဲလို့မဆွေးနွေးတော့ပါဘူး။ Mobile App, Web App စသဖြင့် ခွဲခြားတတ်ကြလိမ့်မယ်လို့ယုံကြည်ပါတယ်။ Web App development မှာ အခြေခံအားဖြင့်
Frontend Development နဲ့ Backend Development ဆိုပြီး ခွဲခြားထားပါတယ်။ Frontend Development က အဓိကအားဖြင့် Application ရဲ့ User Interface တည်ဆောက်မှုနဲ့ အဓိကသက်ဆိုင်ပြီး Browser platform technology တွေဖြစ်တဲ့ HTML, CSS, Javascript စတဲ့ technology တွေနဲ့ အလုပ်လုပ်ရပါတယ်။ Backend Development ကတော့ Application ရဲ့ အဓိက တွက်ချက်မှုအပိုင်းတွေ၊ အချက်အလက်ထိန်းသိမ်းသိုလှောင်မှုတွေ၊ Deployment လို့ခေါ်တဲ့ ကိုယ့် Application ကို အင်တာနက်ဆာဗာတွေပေါ်မှာတင်ပြီး user တွေက အချိန်မရွေး ကိုယ့် Application ကို အသုံးပြုနိုင်အောင် စဉ်ဆက်မပျက် ထိမ်းသိန်းစီမံမှုတွေ စသဖြင့် တာဝန်ယူရပါတယ်။

Backend Development ကတော့ Frontend လို platform တစ်ခုပဲရှိတာမဟုတ်ပဲ မိမိနှစ်သက်ရာ Platform technology တစ်ခုခုကိုရွေးချယ်အသုံးပြုနိုင်ပါတယ်။ ဥပမာ အားဖြင့် Ruby On Rails, Node.js, PHP စတဲ့ programmming platform တွေ၊ MySQL, Postgresql, MongoDB စတဲ့ ဒေတာသိမ်းဆည်းမှု Platform တွေပါဝင်ပါမယ်။ ဟိုးအရင်ခေတ်က Frontend, Backend ဆိုပြီး သတ်သတ်မှတ်မှတ်ကြီးခွဲလေ့မရှိပေမဲ့ ခုခေတ်မှာတော့ Frontend မှာ UI တည်ဆောက်မှုတွေက ရှုပ်ထွေးလာတာမို့ သတ်သတ်ခွဲပြောလာကြပါပြီ။ ဒါပေမဲ့ Web Application developer အဖြစ်နဲ့ အသက်မွေးဝမ်းကျောင်းပြုချင်တယ်ဆိုရင်တော့ နှစ်ခုလုံးကို အနည်းနဲ့အများတီးခေါက်မိဖို့ လိုပါလိမ့်မယ်။

Frontend development အတွက်ကတော့ HTML5 နဲ့ CSS3 နည်းပညာတွေကို နားလည်ထားဖို့လိုပြီး Javascript programming language ကို အနည်းဆုံး တီးမိခေါက်မိရှိဖို့လိုပါတယ်။ နောက်တစ်ဆင့်အနေနဲ့ Bootstrap, Materialize အစရှိတဲ့ အလွယ်ယူသုံးလို့ရတဲ့ framework တွေ jQuery အသုံးပြုနည်းအခြေခံလောက် စသဖြင့်တတ်မြောက်ထားရင် အစပြုလို့ရပါပြီ။

Backend development ကတော့ နည်းနည်းပိုရှုပ်သလို ရွေးချယ်စရာလည်းများပါတယ်။ နံပါတ်တစ်အချက်ကတော့ Programming language တစ်ခုခုကို အခြေခံကျကျလေ့လာတတ်မြောက်ထားဖို့လိုပါတယ်။

ခုခေတ်လို အင်တာနက်အရမ်းတွင်ကျယ်လာတဲ့ ခေတ်မှာ Programming language တိုင်းလိုလိုက Backend development ကို Support လုပ်လာကြလို့ ဘယ် language နဲ့ မဆိုရေးလို့ရတယ်လို့တောင် ပြောလို့ရပါတယ်။ ဒါပေမဲ့ တကယ့်တကယ် အသက်မွေးဝမ်းကျောင်းပြုတော့မယ် ဆိုရင်တော့ ကိုယ်ရွေးချယ်ခဲ့တဲ့ language က လေ့လာရလွယ်လား၊ အခက်အခဲတွေ့လာတဲ့ အခါ အင်တာနက်ပေါ်မှာ အဖြေရှာရလွယ်လား၊ Web app တော်တော်များများမှာ common ဖြစ်တဲ့ ပရိုဂရမ်အစိတ်အပိုင်းတွေကို အသင့်သုံးဖို့ လွယ်လား၊ documentation စုံစုံလင်လင် ရှိလားစတဲ့ မေးခွန်းတွေက အရေးပါလာပါလိမ့်မယ်။ အဲ့ဒီ မေးခွန်းတွေရဲ့ အဖြေကတော့ ကိုယ်ရွေးချယ်တဲ့ language ရဲ့ လူသုံးများမှု၊ language ကမူလကတည်းက ပံ့ပိုးပေးတဲ့ Standard Program တွေ Tools တွေ၊ အဲ့ဒီ language user တွေ အချင်းချင်း ဖန်တီးပေးထားတဲ့ အသင့်သုံး ပရိုဂရမ်တွေ စတာတွေက စကားပြောသွားမှာပါ။ အဲ့ဒါတွေအကုန်လုံးကိုချုံပြီး Ecosystem လို့ခေါ်ပါတယ်။ အဲ့လို Ecosystem ကောင်းတဲ့ langauge တွေကို ရွေးချယ်မှာ ကိုယ်ကစလေ့လာတဲ့ အခါ မြန်မြန်ခရီးရောက်ပါလိမ့်မယ်။

ဥပမာအားဖြင့် PHP, Java, C#, Javascript, Python, Ruby အစရှိတဲ့ language တွေဖြစ်ပါတယ်။ အဲ့ဒီထဲကတစ်ခုခုကို ရွေးချယ်ပြီး စလေ့လာကြည့်ပါ။ ကျွန်တော့်ကိုယ်ကျွန်တော် ဥပမာပေးရရင်တော့ Java programming langauge နဲ့ web development ကိုစလေ့လာခဲ့ပါတယ်။ ဒါပေမဲ့ အလုပ်ခွင်ဝင်ပြီးကာစမှာပဲ Ruby on Rails ကို အလုပ်လိုအပ်ချက်အရ စတင်လေ့လာမိပြီး Web Development အခြေခံ ကောင်းကောင်းရသွးပါတယ်။ နောက်ပိုင်းတော့ PHP, Javascript langauge တွေနဲ့ လည်းအလုပ်လုပ်ဖြစ်ပါတယ်။ တစ်ခုကို အရင်ကျွမ်းကျင်သွားရင် နောက်တစ်ခုကူးရတာမခက်ပါဘူး။

နောက်ထပ်လေ့လာရမဲ့နည်းပညာတွေထဲက အရေးကြီးတဲ့ တစ်ခုက တော့ Database နည်းပညာပါ။ Backend development ဟာ ကိုယ့် application ရဲ့ အချက်အလက်တွေကို သိမ်းဆည်းရှာဖွေတွက်ချက်မှုတွေလုပ်ရတာဖြစ်လို့ Database နဲ့ ကင်းလို့ မရပါဘူး။ Relational DBMS, NoSQL DBMS, Key-Value store စသဖြင့် Database နည်းပညာတွေအများကြီးရှိပါတယ်။ တစ်ခုခုကို အနည်းဆုံး အခြေခံလောက်တော့ သုံးတတ်ဖို့လိုပါတယ်။ အကြံပေးချင်တာကတော့ Relational Database တစ်ခုခုကနေ စလေ့လာပါ။ ဥပမာ MySQL, Postgresql

Database ပြီးသွားရင်တော့ မသိမဖြစ်သိထားသင့်တာကတော့ Architecture လို့ခေါ်တဲ့ Web Application ရေးသားမှု ပုံစံတွေပါပဲ။ Frontend နဲ့ Backend ဘယ်လိုချိတ်ဆက်သလဲ။ Server programming language ကနေ Browser ပေါ်က HTML ဖြစ်လာအောင် ဘယ်လိုဖန်တီးထားသလဲ။ Server code တွေရေးသားတဲ့အခါ အချက်အလက် ပြုပြင်ဖန်တီးမှုလုပ်တဲ့ကုတ်တွေနဲ့ user ကို ပြတဲ့ User Interface ကုတ်တွေရောထွေးမသွားအောင် ဘယ်လိုစီမံမလဲ။ Database ကနေ ကိုယ်လိုချင်တဲ့ အချက်အလက်ကို ဘယ်လို ကုတ်တွေနဲ့ ထုတ်ယူမလဲ စသဖြင့် စသဖြင့် သဘောတရားပိုင်းတွေကို လေလ့လာရမှာပါ။

ဘယ်ကနေစ လေ့လာရမလဲပြောရရင်တော့ တသမတ်လမ်းကြောင်းတစ်ခုတော့ မရှိပါဘူး။ တစ်ချို့လည်း HTML, CSS ကနေစပြီးလေ့လာကြသလို တစ်ချို့ကျတော့ Java language လိုမျိုး programming အခြေခံကနေစပြီး လေ့လာတာလည်းရှိပါတယ်။ သေချာတာကတော့ Frontend ရော Backend ရော အခြေခံတော့ တီးမိခေါက်မိရှိရမှာဖြစ်ပါတယ်။

Web Application Development အပိုင်းလေ့လာနေကြတဲ့ ညီ ညီမတွေရှိရင်လည်း ဘယ်လိုတွေလေ့လာနေကြလဲ ဘယ်လို အခက်အခဲတွေရှိလည်း ဝင်ဆွေးနွေးလို့ရပါတယ်။

Comments

  • CRUD ထဲမှာပဲ တစ်ဝဲလည်လည်ဖြစ်နေပါတယ်ဗျ ဆက်ပီး ဘယ်လို project မျိုးတွေ ဘာတွေဆက်ပီးလေ့လာသွားရမလဲဗျ အခုလောလောဆယ် php oop နဲ့ MVC architecture ကိုသေချာနားလည်အောင်လေ့လာနေပါတယ် ပီးတော့ yii2 framework ကိုလည်း စစမ်းကြည့်နေပါတယ် ဆရာ
Sign In or Register to comment.