Group အပြောင်းအရွှေ့ကိစ္စ

edited May 25 in General

အပြောင်းအရွှေ့ကိစ္စ

  • မနေ့က မန္တလေးကွန်ပြူတာတက္ကသိုလ်က Intern အဖွဲ့များနှင့် ဒါရိုက်တာများ တွေ့ဆုံကြပါတယ်။
  • တစ်ချို့ကျောင်းသားတွေနှင့် အဖွဲ့တွေက ကိုယ်ကျတဲ့ ကုမ္ပဏီ၊ ဒါရိုက်တာနှင့် ဆောင်ရွက်ရမယ့် လုပ်ငန်းပိုင်းဟာ ကိုယ်စိတ်ဝင်စားတာမဟုတ်လို့၊ လုပ်ချင်တာမဟုတ်လို့ ဆိုပြီးပြောကြတာကို တွေ့ရ၊​ကြားသိရတယ်။
  • ဒါကြောင့် အဖွဲ့ပြောင်းပေးဖို့၊​ ဒါရိုက်တာပြောင်းပေးဖို့ တောင်းဆိုတာကို တွေ့ရ၊ ကြားသိရပါတယ်။

ဒီကိစ္စနှင့် ပါတ်သက်ပြီး နည်းနည်းပြောချင်တယ်။

Internship များနှင့် TIIDE ၏ Company နှင် Director များအကြောင်း

  • ညီ၊ ညီမတို့တက်တဲ့ကျောင်းနှင့်အလားတူ ကွန်ပြူတာ ကျောင်းပေါင်း ၂၄ ကျောင်းရှိတယ်။
  • Internship ဟာ ကျောင်းပြီး၊ ဘွဲ့ရဖို့အတွက် ဘာသာရပ်တစ်ခုလိုပဲ၊ လိုအပ်ချက် တစ်ခုဖြစ်တယ်။ ဆိုလိုတာက Internship မပြီးရင် ဘွဲ့မရဘူး။
  • Internship ဆိုတာ လုပ်ငန်းခွင်မှာ လက်တွေ့ အလုပ်အတွေ့အကြုံယူရတာဖြစ်လို့၊ ကျောင်းသား ထောင်ကျော်ကို ၃၊​၄ လအတွင်းမှာ လုပ်ငန်းခွင်အရောက် ခေါ်ယူပြီး၊​လက်တွေ့ အလုပ်ပေးနိုင်တဲ့ လုပ်ငန်း မရှိဘူး။ လက်ရှိ ကွန်ပြူတာ လုပ်ငန်းခွင်က ကုမ္ပဏီအများစုပေါင်းခေါ်တာတောင် ၁၀၀၀ ပြည့်အောင် အလုပ် မပေးနိုင်ဘူး။
  • Internship ဟာ ကွန်ပြူတာကျောင်းပြီးရင် ကွန်ပြူတာနှင့် လုပ်စားသည်ဖြစ်စေ၊ မလုပ်စားသည်ဖြစ်စေ၊ ကောင်းမွန်တဲ့ အတွေ့အကြုံရဖို့ အခွင့်အလမ်းဖြစ်တယ်၊​ အဆင်သင့်ခဲ့ရင် တစ်ခါတည်း အလုပ်ပါရနိုင်တယ်။
  • ဒီတော့ Internship မရတဲ့ကျောင်းသားတွေ အတွက်ကို တက္ကသိုလ်ဘက်က ဆရာကြီး၊ ဆရာမကြီးတွေက ကျောင်းသားတွေရမည့် အခွင့်အရေးလည်း လက်မလွတ်ရအောင်ရယ်၊ ဘွဲ့ရဖို့ လိုအပ်ချက်လည်း ပြည့်မီအောင်ရယ်၊ ပြီးပြီးရောလည်း မဖြစ်အောင် ရယ်မျှမျှတတဖြစ်အောင် အရမ်း ခက်ခက်ခဲခဲ ကြိုးစားရတယ်။
  • အဓိကပြဿနာက ကုမ္ပဏီအများစုက မြို့ကြီးတွေမှာ ရှိနေတာ၊ ကုမ္ပဏီတွေမှာ ပေးစရာနေရာ မရှိတာ၊ နယ်ကကျောင်းသား/သူ တွေမှာလည်း ရန်ကုန်လိုနေရာကို လူတိုင်းမလာနိုင်တာ၊ ဦးရာလူရှာကြလို့ ကုမ္ပဏီတွေမှာ Intern ကိုပေးနိုင်တဲ့ အရေအတွက် ပြည့်သွားတာရှိလို့၊ ကျောင်းသူ/သူတိုင်းကို Intern လက်ခံဖို့ Industry ဘက်မှာလည်း အကျပ်ရိုက်ပါတယ်။
  • ဒီအတွက်ကို ကူညီဖို့ TIIDE ခေါင်းစဉ်အောက်မှာ ကုမ္ပဏီအသီးသီးက ဒါရိုက်တာ (ပိုင်ရှင်၊ နည်းပညာအလုပ်လုပ်နေကြသူ) တွေကို စည်းရုံးပြီး ခေါ်လာရတာပါ။
  • နေရာပေးစရာမလို၊ လုပ်ခပေးစရာမလို၊​ ဆရာတို့ရဲ့ အချိန်နှင့်၊ Attention နှင့် အဓိပ္ပါယ်ရှိတဲ့ အလုပ်ကိုပဲပေးပါ၊​ ကျောင်းသူ/သူတွေများလို့ ဆရာတို့ကိုယ်တိုင်ကြွပြီး လုပ်ပေးပါ။ လုပ်ငန်းခွင်အတွေ့အကြုံမဟုတ်ရင်တောင် ဆရာတို့ လုပ်ငန်းမှာ လုပ်သလို လက်တွေ့လုပ်ရမယ် အလုပ်အတွေ့အကြုံရအောင် အလုပ်ခိုင်းပေးပါ ဆိုပြီး ကျွန်တော် စည်းရုံးရပါတယ်။
  • ကျွန်တော်ပြောပြမယ်... အခုခေါ်လာတဲ့ လူတွေကို ကျွန်တော် တွေ့ချင်လို့ ချိန်းဆိုရင်တောင် ဖုန်းနှင့်ခေါ်ပြီး၊ အင်တာနက်နှင့် ကိစ္စပြီးတာများတယ်၊ လူချင်းလာတွေ့တယ်ဆိုရင် လူခြင်းတွေ့ဖို့ မဖြစ်မနေလိုအပ်လို့၊ ဒါမှမဟုတ် သိပ်ခင်မင်လို့ အားနာလို့မှသာ တွေ့နိုင်ကြတာမျိုး ဖြစ်တဲ့လူတွေပါ။
  • ဒီ TIIDE မှာ ပါဝင်ဖို့ ကို နှစ်ဆန်း ဇန်နဝါရီလောက်ကတည်း Internship လိုအပ်ချက်တွေ ရှိတယ်၊ ကျောင်းအတွက်ရော၊​ကျောင်းသား/သူ တွေအတွက်ရော၊ Industry အတွက်ရော ဒီလိုကျောင်းသား ထောင်ချီဟာ အရေးကြီးတယ်။ ၄ နှစ် ပညာသင်ထားပြီးကာမှ၊ ပြီးပြီးရော မဖြစ်ရအောင် ကူညီပေးပါ ဆိုပြီး ပါဝင်အောင် စည်းရုံးထားတာ။
  • ဒီလူတွေအပြင် တစ်ခြား ၅၊​ ၆ ယောက်လောက်ပါ ခေါ်ပေမယ့် ၃၊ ၄ လောက် အချိန်ရော၊ အာရုံစိုက်မှုရော၊ ဉာဏ်ထုတ်တာရော လုပ်ပေးဖို့ကို လူတိုင်းကတိမပေးနိုင်ဘူး။ ပိုဆိုးတာက ကျောင်းသာ ၄၊ ၅၊ ၁၀ ယောက်လောက်အထိ လုပ်ပေးနိုင်တယ်၊ ၅၀၊ ၁၀၀ ဆိုတာ တော်ရုံ စိတ်ကူးရှိရုံနှင့် အလုပ်ဖန်တီးပေးဖို့ မတွေးနိုင်ဘူး။ တွေးနိုင်ဦးတော့ အလုပ်ပေးဖို့ကို နည်းပညာနှင့် ဆက်သွယ်ရေးကို အားကိုပြီးရင်တောင် တော်တော်အာရုံစိုက်ပြီး အားထုတ်ရတယ်။
  • လက်ရှိ ဒါရိုက်တာ ၈ ယောက်နှင့် စီစဉ်ပေးထားတာ ကျောင်း ၄ ကျောင်း ကျောင်းသား/သူ ၅၀၀ ကျော်ရှိတယ်။
  • အဲဒီတော့ ကျွန်တော်ပြောချင်တာက ဒီဒါရိုက်တာတွေက ကျောင်းကို၊ ကျောင်းသား/သူတွေကို ဝန်ဆောင်မှုပေးဖို့ ဘာ တာဝန်မှမရှိဘူး။ သူတို့ရဲ့ ဆန္ဒအလျောက်၊ ယုံကြည်မှုနှင့် လာလုပ်ပေးနေကြတာပါ။
  • အချိန်ယူပြီး စည်းရုံးရ၊ စီစဉ်ရ၊ ဖြစ်မြောက်အောင် တွန်းပို့နေတဲ့ ကျွန်တော်ကလည်း ဘာမှတာဝန်ရှိလို့၊​အကျိုးအမြတ်ရလို့ လုပ်နေတာ မဟုတ်ဘူး။ ရူးလို့လုပ်နေတာ။

လိုရင်းကိုပြောရရင်

  • ဒါရိုက်တွေက သင်တန်းလာဖွင့်ပေးနေတာ မဟုတ်ဘူး။
  • ပိုက်ဆံယူပြီး ဝန်ဆောင်မှုပေးနေ တာမဟုတ်ဘူး။
  • ကိုယ်အဖွဲ့ နေရာကျတဲ့ လက်အောက်မှာ ချမှတ်ပေးတဲ့ အစီအစဉ်ကို၊ အလုပ်ကို မလုပ်ချင်ရင်၊ ဘယ်သူမှ အတင်းမတိုက်တွန်းဘူး။
  • ကျွန်တော်ကတော့ Software ပဲလုပ်ချင်တာ၊​ Networking မသိချင်ဘူး၊​ Security မလိုဘူး အဲသလိုတွေးကြရင်လည်း၊ သဘောပဲ။​
  • တစ်သက်လုံး Software လုပ်စားရင်းနှင့် Networking၊ Secuirty ဘယ်တော့မှ လုပ်ဖြစ်မှာ မဟုတ်ဘူးလို့ အခုကတည်းက ကိုယ့်ကိုယ်ကို ကန့်သတ်ချင်လည်း သဘောပဲ။
  • ကျွန်တော်က Network ပဲလုပ်လာတာ၊ Network ပဲလုပ်ချင်တာ၊ Software မလုပ်ချင်ဘူးပြောရအောင်ကလည်း Software ၃ လ လုပ်တော့ရော Networking လုပ်ရတဲ့ ပညာတွေ ပျောက်သွားမှာလား။ ကိုယ်လုပ်ချင်တာလုပ်ရဖို့က အဓိကလား၊ Internship ပြီးပြီးတော့ ဘွဲ့ရဖို့က အဓိကလား ပြန်စဉ်းစား။
  • ၄ နှစ် ကျောင်းတက်ပြီးပြီ၊ Internship လေးတစ်ခုပြီးဖို့ကို ၃၊ ၄ လ ကို ကိုယ့်ဆန္ဒနှင့် မကိုက်လို့ ဒီ Group မှာမပါချင်ဘူး၊ ဒီ Director နှင့် မလုပ်ချင် ဆိုလည်း သဘောပဲ။
  • ကိုယ့်ဆန္ဒနှင့် မကိုက်လို၊ ဒီဒါရိုက်တာ ခိုင်းတာကို မကြိုက်လို့ တစ်ခြားကို မပြောင်းရဘူးဆိုရင်၊​ လိုက်မလုပ်ဘဲ နေမယ်ကွာဆိုပြီး ဘေးထိုင် ဆန္ဒပြနေရင်လည်း သဘောပဲ။

Director တွေနှင့် တိုင်ပင်ပြီးပြီ။ စီစဉ်သူတစ်ယောက်အနေနှင့်ပြောချင်တာက

  • တစ်ယောက်ကို ပြောင်းပေးရင်၊ နောက်လူတွေကို ပါပြောင်းပေးဖို့ လာတောင်းဆိုရင်၊ မျှတအောင် ပြောင်းပေးရတော့မယ်။ ဒါဟာ စီမံအုပ်ချုပ်မှုပျက်ပြား၊ အချိန်ကုန်မယ့် ကိစ္စပဲ။ ဒါကြောင့် ဘယ်သူကိုမှ အဖွဲ့ပြောင်းခွင့်၊ Director ပြောင်းခွင့်မပေးနိုင်ပါ။
  • လူ ၅၀၀ ကျော်အတွက် လည်ပါတ်နေတဲ့ အစီအစဉ်ဖြစ်လို့ ဘယ်တစ်ယောက်ကိုမှ အထူးမလုပ်ပေးနိုင်ပါ။
  • Director တွေက Remote ခိုင်းတာ၊ Forum ထဲကနေ လမ်းညွှန်တာတွေ ဖြစ်လို့၊ Content အကုန်လုံးက Open ဖြစ်နေပြီးသား။ Director A အောက်မှာ ရောက်နေပေမယ့် Director B နှင့် C ပြတာတွေိ၊ ခိုင်းတာတွေကို လိုက်ဖတ်၊ လိုက်လေ့လာ၊ လိုက်လုပ်လို့လည်း ရတယ်။ Director A ရဲ့ အလုပ်ကိုလည်း လုပ်၊ B အလုပ်ကို၊ C အလုပ်ကို အကုန်စိတ်ဝင်စားရင်၊​ စွမ်းရင် လိုက်လုပ်၊​ဘယ်သူမှ မတားဘူး၊ မကန့်သတ်ထားဘူး။
  • ဒါပေမယ့် Director A ကကိုယ့်ရဲ့ internship အတွက် အကဲဖြတ်မှုကို လုပ်ပေးမယ်ဆိုတာကို တော့ သတိရှိရမယ်။
  • ပြောင်းခွင့်မပေးလို့ရယ်၊ ဒါရိုက်တာတစ်ယောက်ရဲ့မှ ခိုင်းတဲ့အလုပ်တွေကို တစ်ခုမှ မလုပ်နိုင်ဘူးဆိုရင်လည်း၊ ကိုယ့်ကိုယ်ကို အတင်းအကြပ်မခိုင်းပါနှင့်၊ ကျွန်တော်တို့ ဖက်က အတင်းအကြပ်မခိုင်းပါ၊
  • တစ်ယောက်လျော့ရင် တစ်ယောက်စာ ခေါင်းစား သက်သာတယ်။ အချိန်လည်းမီသေးတယ်၊ ကျွန်တော့်ကို ပွင့်ပွင့်လင်းလင်း ပြောပြီး၊ တစ်ခြား Intership ပေးနိုင်မယ့် ကုမ္ပဏီလိုက်ရှာပြီး ဒီ program ကစောစောထွက်ကြပါ။
  • ကြိုးကြိုးစားစား၊​ စိတ်ပါလက်ပါနှင့် ဒီ ၃၊ ၄ လမှာ ကိုယ့်အတွက် အမြတ်ထွက်အောင် လုပ်နိုင်ကြပါစေဗျား။

Comments

  • edited May 15

    Director များအကြောင်း

    နည်းနည်းပြောချင်တယ် ကိုယ့်ဆရာတွေက ကြွားမပြောတော့ အထင်မကြီးမှာစိုးလို့

    ကိုရာဝီ

    သူက ညီတို့ညီမတို့ ၂ နှစ် ၃ နှစ်သား အရွယ်ကတည်း IT နှင့် Software အလုပ်လုပ်ပြီး နိုင်ငံခြားကို ရောင်းစားလာလာ။ အခု သင်တန်းပြစား နေတဲ့ နာမည်ကြီး သင်တန်းဆရာ တစ်ချို့တောင် ကိုရာဝီ ရဲ့ လက်ထွက်တေွ။ Software ကျွမ်းကျင်ရုံတင်မဟုတ်ဘူး၊ Software ဈေးရောင်းတာရော MBA ဘွဲ့ပါ ရထားတာ။ တပည့်လည်း လက်မခံဘူး၊ လက်ရှိမှာ ဘယ်သူကိုမှ လုပ်ငန်းထဲမှ တွဲပြီး မသင်ဘူး။ အခု သူနည်းပြပေးမယ့်၊​ခိုင်းမယ့် ဟာတွေက တော့်တော့်ကို အခြေခံကျကျ သိထားရမယ့် အခြေခံ ကိစ္စတွေနှင့် community အတွက် contribute လုပ်တဲ့အရာတွေပဲ။ Software လို့ပြောလို့ Network တွေ၊ Security တွေ မသိဘူး မထင်နှင့်ဦး။

    ကိုအေးကျော်လှိုင်

    Network infrastructure, Servers တွေနှင့် Virtualization stack တွေကို ကိုယ်တိုင်လုပ်တတ်ပြီး စီးပွားဖြစ်ဝန်ဆောင်မှုပေးနေတာပဲ။ သင်တန်းဖွင့်ပြီး သင်တဲ့အလုပ်မလုပ်ဘူး။ လူတိုင်းလည်း လက်မခံဘူး။ သူ့ဆီမှာ ၃ လ လုပ်ပြီးရင် အကုန်တတ်ပြီလည်း မထင်နှင့်ဦး။ Network ကအလုပ်လုပ်တာ။ ဒါပဲလုပ်နေလို့ Software တွေ၊ Security တွေ မသိဘူး မထင်နှင့်ဦး။

    ကိုထူးမြင့်နောင်

    သူကတော့ ကွန်ပြူတာတက္ကသိုလ် ကျောင်းဆင်း ဉာဏ်ကြီးရှင်တွေထဲက တစ်ယောက်ပဲ။ Web ရော၊ Mobile ရော၊ Severside ရော၊ Hardware ရော အကုန်ရတယ်။ Navigation software တစ်ခုကို ၄၈ နာရီနှင့် အပြီးရေးနိုင်တယ်။ တွဲဖက် ၃ယောက် ထားဖူးတယ်၊​ အကုန်လုံး ကိုယ်ပိုင် ကုမ္ပဏီနှင့် လုပ်ငန်းရှင်တွေ ဖြစ်ကုန်တဲ့အထိ သင်ပေးတယ်။ သင်တန်းသား လက်ခံတာမဟုတ်ဘူး။ ကိုယ်ပိုင် GPS Hardware/Software ဒီဇိုင်းလုပ်ပြီး ထုတ်ရောင်းပြီး Sport ကား ဝယ်စီးနေတာ။ ကားကို ဖြုတ်တပ်၊ ပြင်၊ Software တေွတင်တာပါ လုပ်တတ်တယ်။ အခုဆို Tesla လှျပ်စစ်ကားမှာထားပြီး စီးတော့မှာ။ Software ဆရာဆိုပြီး Network တွေ Security တွေမသိဘူး မထင်နှင့်ဦး။ သူ့ရုံးမှာ ကိုယ်ပိုင် Data Center နှင့်ကိုယ် အလုပ်လုပ်တာ။

    ကိုရဲသူရသက်

    အရင်က Software ရေးတယ်။ သိပ်လွယ်လို့ ငြီးငွေ့လို့ Security ပြောင်းလုပ်တာ။ နိုင်ငံခြားက ဘဏ်တွေ၊ ပြည်တွင်းဘဏ်တွေနှင့် အစိုးရဌာနတွေကို Cyber လုံခြုံရေး စနစ်တွေကို ဒီဇိုင်းထုတ်ပြီး၊ လုံခြုံရေးလုပ်ပေးနေတာ။ Software company MIT က MD ဦးထွန်းသူရသက်ရဲ့ညီ။ ဒေါက်တာ အောင်ထွန်းသက်ရဲ့ တူ။ သူ့ အလုပ်အဖွဲ့ မှာ ပါရဖို့က hacker တွေတတ်တာထက်ကို ပိုတတ်မှရတာ။ သင်တန်းလည်းမဖွင့်ဘူး။ လူတိုင်းကိုလည်း မသင်ပေးဘူး။​ သူ့ကုမ္ပဏီလုပ်တဲ့ အလုပ်မျိုး ပြည်တွင်းမှာ လုပ်နိုင်တာ တစ်ခု မရှိဘူး။ security ဆိုလို့ Software တွေ Network တွေ မသိဘူးမထင်နှင့်၊ အဲဒါတွေ ကို လုံခြုံရေးဖောက်တာ၊ စိစစ်တာ၊ ကာကွယ်တာတွေလုပ်နေတာ။

    ကိုအေးမောင်ကြည်

    AMK Studio ရဲ့ ပိုင်ရှင်၊ ကိုယ်တိုင်လည်း Prorgram ရေးတယ်။ အခု Mobile မှာဆော့နေကြတဲ့ Multiplayer Game မျိုးရေးလာတာ ၁၀ နှစ်လောက်ရှိပြီ။ နိုင်ငံခြားက outsource software တွေ၊ အထူးပြု software တွေရေးတဲ့ Team ကို စီမံခန့်ခွဲနေတာ။ သင်တန်းလည်းမ ဖွင့်ဘူး။ လူတိုင်းကိုလည်း မသင်ပေးဘူး။ Software တွေကို Cloud မှာထားတာ၊ virutal private cloud တေွ၊ network တွေကို လုပ်တာ။ သူ့ network နှင့် software တွေမလုံခြုံရင် Game server တွေနှင့် သူဌေးဖြစ်နေမှာ မဟုတ်ဘူး။ Software ချည်းတတ်နေတယ် မထင်နှင့်။

    ကိုဘုန်းပြည့်ဦး

    Digital Royal Net ရဲ့ ပိုင်ရှင်။ ကျောင်းတွေမှာ သုံးတဲ့ Web application နှင့် Mobile Software တွေကိုရေးပြီး၊ ဖြန့်ပြီး ဝန်ဆောင်မှုပေးတာတွေကို ကိုယ်တိုင်လုပ်နေတာ။​ သူတတ်တွေကို လူတိုင်းကို သင်ပေးတာမဟုတ်ဘူး။ Software တင်မဟုတ်ဘူး။ တရားထိုင်တာ၊ အဓိဌာန်ဝင်တာတွေ ဘက်မှာလည်း ထူးချွန်တယ်။ အလှုအတန်းလည်း ရက်ရောတယ်။ (အကြားအမြင်လည်းရတယ်) Onsite မှာ networking တွေ၊ security တွေနှင့် e-School software က လည်ပါတ်တာ။ Software ချည်းတတ်တယ်မထင်နှင့်။

    ကိုစွမ်းထက်အောင်

    တစ်ခုတည်းသော ပြည်တွင်းက Machine Learning, Artificial Intelligence software တွေရေးတဲ့ ကုမ္ပဏီပိုင်ရှင်။ ကိုယ်တိုင်လည်းရေးတယ်။ သင်လည်းပေးတယ်။ ဘဏ်တွေ၊ big brand တွေ၊ Cele တွေအတွက် (ဥပမာ စိုင်းစိုင်းခမ်းလှိုင်) ChatBot software တွေ ဌာနဆိုင်ရာတွေအတွက် Machine Learning software တွေရေးပြီးပေးနေတာ။ သူ့ Software တွေက Virtual Private Cloud တွေပေါ်မှာ လည်ပါတ်နေတာ။​ ဂိမ်းဆော့တဲ့ ကွန်ပြူတာမျိုး အလုံး ၁၀၀ လောက်ကို ၁၂ နာရီလောက် မောင်းနေအောင် အလုပ်ပေးတဲ့ program မျိုးတွေရေးနေတာ။ သူ့စီမံမှုအောက်မှာ လုပ်တဲ့အလုပ်မျိုး အပြင်မှာ ဘယ်မှာမှမရဘူး။


    ဆိုတော့ကာ ဒီလူတွေကို အချိန်ယူပြီး စည်းရုံးပြီး၊ မေလ မတိုင်ခင် အစည်းအဝေး ၅ ကြိမ်လုပ်ပြီး၊ စီစဉ်ထားတာ။ အထက်က Director တွေထဲက ဘယ်သူနှင့်ပဲ တွဲပြီးအလုပ်လုပ် လက်တွေ့လုပ်ငန်း အတွေ့အကြုံရမှာချည်းပဲ။ Messenger ပေါ်မှာ လည်း သူတို့ဆီကို direct access ပေးထားတယ်။ ဒီ Forum ထဲမှာလည်း အားလုံး share သမျှမြင်ရ လေ့လာရမယ်။ လိုအပ်တဲ့ Internship လည်းပြီးမြောက်မယ်။

    ဒါမှ စိတ်တိုင်းမကျဘူးဆိုရင်လည်း၊ လိုအပ်ချက်က ကျွန်တော်တို့ပေးနိုင်တာထက်ကျော်နေတော့၊ မတတ်နိုင်ဘူး။ ဒီထက်ကောင်းတာကို ရှာ၊ ကျွန်တော့်ကို ပွင့်ပွင့်လင်းလင်းပြောပြီး စောစောစီးစီးသာ ပြောင်းကြပါ။ အားမနာပါနှင့်။

  • edited May 15

    ညီတို့ညီမတို့ရေ
    အကိုတို့သိရှိနားလည်ထားတဲ့အစီအစဉ်က (ဒီကျောင်းကိုမှမဟုတ် တခြားကျောင်းတွေကိုပါ) internship ရှာမရလို့ ကျန်နေသေးတဲ့ ကျောင်းသူကျောင်းသားတွေကို ကျောင်းထဲမှာပဲအကျိုးရှိရှိ intern လုပ်လို့ရဖို့အတွက်ဖြစ်ပါတယ်။ အဲ့ဒိအတွက် သက်ဆိုင်ရာနယ်ပယ်အသီးသီးက ဆရာတွေကို သူတို့ရဲ့မအားလပ်တဲ့အချိန်တွေကိုဖဲ့ပေးခိုင်းပြီးတော့ ဒီကိစ္စမှာပါ၀င်ကူညီခိုင်းရပါတယ်။ သူတို့ရဲ့အကျိုးအမြတ်မပါတဲ့ စိတ်ဓါတ်ကြောင့် ကိုယ့်စားရိတ်ကိုယ်စိုက်ပြီးအားတက်သရော လာခဲ့ကြပါတယ်။ ကျောင်းကစီစဉ်ပေးတဲ့ အစီအစဉ်အတိုင်းအုပ်စုဖွဲ့ပြီး အဆင်ပြေနေပြီလို့ယူဆလို့ ရှိတဲ့အချိန်လေးအကျိုးရှိအောင် ဆရာတွေက seminar တွေပေးခဲ့ပါတယ်။ seminar အပြီးမှာ စိတ်ပြောင်းတဲ့ကျောင်းသားအချို့ကိုလဲ Group ပြောင်းခွင့်မပေးတော့ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ အပြင်မှာ internship မရှာလိုက်ရတာတို့၊ survey ဖြည့်ထားပြီးသားဆိုတာတို့ကို ဒီနေ့မှသိရှိရတာဖြစ်ပြီး ဆရာတွေကိုတုန့်ပြန်တဲ့ပုံစံကို စိတ်မကောင်းဖြစ်ရပါတယ်။ ဒါပေမယ့်ဒီကိစ္စဟာ တစ်ယောက်နှစ်ယောက်ပဲ စိတ်ပြောင်းတာမျိုးမဟုတ်ပဲ ကျောင်းသားအားလုံးရွေးချယ်ခွင့်မရလိုက်ဘူးဆိုတာကိုသိရပြီမို့ ဒီအစီအစဉ်ကိုနောက်တစ်ပါတ်ဆုတ်ပြီး survery ပြန်ဖြည့်မှာဖြစ်ပါတယ်။ ကျောင်းသားကျောင်းသူတိုင်းကိုယ်ကြိုက်နှစ်သက်ရာ ဆရာကိုရွေးချယ်ပြီး ဖောင်ဖြည့်နိုင်ပါတယ်။ ဆရာတစ်ယောက်ချင်းစီမှာရောက်လာတဲ့ကျောင်းသားတွေကိုတော့ ၆ ယောက်တစ်ဖွဲ့စီကို ကျပန်းဖွဲ့ပြီး internship program ကိုပြန်လည်စတင်မှာဖြစ်ပါတယ်

    • ၁။ ကျောင်းသား/သူများအားလုံး ကြိုက်နှစ်သက်ရာ ဒါရိုက်တာ(ဆရာ) ကို ရွေးရန် ဖောင်ဖြည့်ရပါမည်။ ဗုဒ္ဓဟူး (၁၆ မေ) ည ၉ နာရီ ဖောင်ပိတ်မည်။
    • ၂။ Progarm Manager က ကြာသပတေးနေ့တွင် ကျောင်းသား/သူ ရွေးချယ်ရာကုမ္ပဏီအလိုက် အဖွဲ့များကို ပြန်ဖွဲ့ပါမည်။
    • ၃။ Progarm Manager က ကြာသပတေးနေ့ညနေတွင်အဖွဲ့အသစ်များစာရင်းကို ကျောင်းသား/သူ များသို့ အကြောင်းကြားပါမည်။
    • ၄။ ကျောင်းသား/သူများက မိမိတို့အဖွဲ့အလိုက် Messenger Group များကို ဖွဲ့ပြီး PM နှင့် Director များကို Add ရပါမည်။
    • ၅။ Internship အစီအစဉ်ကို တနင်္လာနေ့ (၂၁ မေ) တွင်ပြန်လည် စတင်ပါမည်။

    ဖြည့်ရန်ဖောင် (https://goo.gl/forms/1YdhhOqmdJ0xX5ZX2)

    • ကျောင်းသား/သူအချင်းချင်း အကြောင်းကြားဖြန့်ဝေပေးပါ။
    • တစ်ပါတ် နာသွားမည်ဖြစ်သောလည်း၊ အားလုံးအတွက်အကောင်းဆုံး ဖြစ်မည်သွားပါမည်။
  • ဆရာ တကယ်လို့ ဒါရိုက်တာမပြောင်းဘူးဆိုရင်ရော registerပြန်လုပ်ဖို့လိုအပ်လားဆရာ
  • Group ပြန်ဖွဲ့မယ်ဆိုတာက Internship လုပ်တဲ့ ကျောင်းအားလုံးကိုပြောတာလား မသိဘူးဆရာ။

  • Only for UCS Mandalay

  • ကျောင်းသား/သူများ ၏ လိုလားချက်အလိုက် Group များကိုပြန်လည်ဖွဲ့စည်းခဲ့ပြီးဖြစ်ပါသည်။
    အကယ်၍ မိမိ၏ အမည်ကို စာရင်းတွင်မတွေ့ပါက၊ မည်သည့်အဖွဲ့တွင်မှာ ပါဝင်ခြင်း မရှိသေးပါက စောလဲယဝေါ်ကို ဆက်သွယ်ပါ။
    ယခုတော့ စိတ်ဖြောင့်ဖြောင့် နှင့် internship ၃ လကိုယ်ဖြတ်သန်းနိုင်ပါပြီ။

Sign In or Register to comment.