Information for Zwenexsys's interns

edited May 25 in General

မင်္ဂလာပါဗျား

TIIDE Program အောက်မှာ ပါဝင်တဲ့ ကုမ္ပဏီတစ်ခုဖြစ်တဲ့ Zwenexsys ရဲ့ Director ကျွန်တော့်စီမံမှုအောက်မှာ အလုပ်သင်ကြမယ့် မောင်မယ်တို့ကို အလုပ်သင်ကာလ အတွင်းမှာဘာတွေဖြစ်လာမလဲကို အသိပေးပါတယ်။

မန္တလေးက Zwe-[Alpha, Beta, Charlie, Delta, Echo, Flower, Gold] အဖွဲ့တွေနှင့် သထုံက Alpha, Bravo, Charlie နှင့် Diamond အဖွဲ့တွေ အဓိက ဖတ်ဖို့။

Zwenexsys အကြောင်း

ပထမဆုံး ကိုယ်နှင့် အလုပ်လုပ်မယ့် ကုမ္ပဏီအကြောင်းသိသင့်တာပေါ့။ Zwenexsys ကုမ္ပဏီကို ၂၀၁၂ ဒီဇင်ဘာမှာ ကျွန်တော် (သာထက်) က စတင်တည်ထောင်ခဲ့ပြီး၊ ကျွန်တော်နှင့် ကျွန်တော့်အမျိုးသမီး (နန်းဖြိုးသီတာ) တို့က စီမံခန့်ခွဲပါတယ်။ ကုမ္ပဏီက တမင်သက်သက်ကို သေးသေးလေးဖြစ်ပါတယ်။ ဝန်ထမ်း ၁၀ ယောက်လောက်မှာပဲ အမြဲထားပြီး၊​ အဓိက Software system တွေတည်ဆောက် ထိမ်းသိမ်းတဲ့ အလုပ်ကို ဖောက်သည်တွေ အတွက် လုပ်ပေးပါတယ်။ သူလို ကိုယ်လို IT company လို့ပြောလိုရသလို၊​ ဘာထူးခြားသလဲမေးရင်တော့ ကျွန်တော်တို့ဟာ လွတ်လပ်စွာတွေးတော လုပ်ကိုင်ကြတဲ့၊ ခက်ပေ့ဆိုတဲ့ အလုပ်မျိုးကိုစိတ်ဝင်တစား ပြီးမြောက်အောင် လုပ်တဲ့ စဉ်ဆက်မပြတ် သင်ယူနေတဲ့ အဖွဲ့လေးပေါ့။

Zwenex ရဲ့ ဓလေ့

အဖွဲ့အစည်းတိုင်းမှာ လက္ခဏာ ဓလေ့စရိုက်ရှိကြပါတယ်။ Zwenex နှင့် အလုပ်သဘောအရ လက်တွဲရမယ့် မောင်မယ်တွေ အနေနှင့် သိထားသင့်တာတွေက -- ကျွန်တော်တို့ဟာ

  • အစွန်းရောက်တဲ့ ပွင့်လင်းမှုမျိုး ရှိပါတယ်။ (Boss လုပ်တာ မှားရင်မှားတယ်၊ မကြိုက်ရင် မကြိုက်ဘူးကို လူတိုင်းက လွတ်လပ်လပ် ပြောနိုင်ပါတယ်။ အချိန်မရေွး Boss ကို ခေါ်ပြီးစကားပြောနိုင်၊ ဆွေးနွေးနိုင် တဲ့ ဓလေ့မျိုး)
  • အစွမ်းကုန်ကြိုးစား အားထုတ်မှုကို အသိအမှတ်ပြုပြီး၊​ အမှားလုပ်မိတာကို ခွင့်ပြုတဲ့ အဖွဲ့မျိုးဖြစ်ပါတယ်။
  • ခွဲခြားဆက်ဆံမှုမရှိဘဲ၊ အပြန်အလှန် လေးစားမှုနှင့် အလုပ်လုပ်ကြပါတယ်။
  • ကြိုးစားရင် ကြိုးစားသလောက်၊​ စွမ်းနိုင်သလောက် တာဝန်နှင့် ဆုလာဘ် ပေးပါတယ်။
  • မန်နေဂျာဆိုတာ ဝန်ထမ်းအထက်က မဟုတ်ဘဲ၊ ဝန်ထမ်းတွေကို အထောက်အပံ့ပြုတဲ့ တွဲဖက်အလုပ်လို့ မြင်တဲ့အမြင်မျိုးရှိပါတယ်။
  • ရိုးသားမှု၊ ကြိုးစားမှုနှင့် စိတ်နေစိတ်ထားကို အဓိကထားပြီး အလုပ်ခန့်ပါတယ်။
  • အခန်းမခြားလဲ အားလုံး တစ်နေရာထဲမှာ အလုပ်လုပ်ကြပါတယ်။
မသိတာ၊ မတတ်တာကို ကျွန်တော်တို့ ခွင့်လွှတ်ပါတယ်။ မသိချင်၊​ မတတ်ချင်ရင်တော့ ကျွန်တော်တို့နှင့် အလုပ်မဖြစ်ပါ။

အခြေခံများ

Zwenex မှာဝင်ရောက် လုပ်ကိုင်ကြသူတိုင်းကို သင်ကြားပေးတာက

  • ရိုးသားဖို့
  • စိတ်ကောင်းထားပြီး၊ သူများအပေါ်ကောင်းဖို့
  • ဇွဲကောင်းဖို့
  • Growth Mindset မေွးဖို့
  • Comfort zone ထဲက ထွက်ပြီး လေ့လာသင်ယူ တတ်ဖို့
  • အစွမ်းကုန် ကြိုးစားအားထုတ်တတ်ဖို့
  • မသိရင် မေးဖို့
  • မိမိဖာသာ ရှာဖွေ ဖတ်ရှု လေ့လာ သင်ယူတတ်ဖို့
  • နေ့စဉ် ၁% ပိုကောင်းအောင် ရည်မှန်း ကြိုးစားဖို့
  • အကျင့်ကောင်းတွေ မေွးဖို့
  • ပိုကောင်းတဲ့ နည်းလမ်းတွေကို စဉ်းစားဖို့
    တွေကို သင်ပေးပါတယ်။ အဲ.. လူတိုင်း လိုက်လုပ်တယ်တော့မဟုတ်ပေမယ့် ၆ လ ၁ နှစ် နေတော့ ပိုမို တိုးတက်လာတာချည်းပါပဲ။

Zwenex ရဲ့ Development အလုပ်မှာ

  • အဓိက Linux သုံးပါတယ်
  • Google Suite သုံးပါတယ်
  • Ruby, Java, Rails, Android, iOS, Golang စတာတွနှင့် အဓိက အလုပ်လုပ်ပါတယ်
  • ကိုယ့်ကွန်ပြူတာကိုယ်ယူလာရင် လစာထဲမှာ ကွန်ပြူတာ ငှားခ ပြန်ပေးပါတယ်

အလုပ်သင် အစီအစဉ်ပြီးသွားရင်

  • အဝေးကနေ ဆက်သွယ်ပြီး အလုပ်ပြီးမြောက်အောင် ဆောင်ရွက်တတ်ဖို့
  • အတွေ့အကြုံရှိပြီးသား လုပ်ငန်းခွင်က လူတွေနှင့် တွဲလုပ်နိုင်သည်ထိ သိသင့်တဲ့ လုပ်ငန်းခွင်မှာ သုံးနေတဲ့ ဗဟုသုတ၊ အသိပညာကို တတ်သိဖို့
  • တတ်သိတာတွေကို ကျွမ်းကျင်သည်ထိ လေ့ကျင့်နိုင်ဖို့
  • ကိုယ့် အကြောင်းကို ကိုယ်ပိုသိပြီး၊ ဒီအလုပ်နှင့် ကိုယ်နှင့် ကိုက်မကိုက် သိဖို့

တွေ ရဖို့မျှော်လင့်ပါတယ်။

အလုပ်သင် ပါဝင်မှု ၃ လမှာ လေ့ကျင့်ခိုင်းမယ့် ပုံစံက

  • (၁) လေ့လာရမယ့် ခေါင်းစဉ် အလိုက်ဆိုင်ရာတွေွကို အင်တာနက်ပေါ်မှာ ရှာဖတ်ဖို့ နည်းပြပြီး၊ တာဝန်ပေးမယ်။ ဖတ်ထားတွေကို လက်တွေ့ လုပ်ခိုင်းမယ်။ ဉာဏ်စမ်းဖြေရမယ်။ ဒါမှ နောက်ဆို ကိုယ့်ဖာသာကိုယ် ရှာဖတ်တယ်မယ်။ စာဖတ်ဖို့ကို အလုပ်ပေးတာဖြစ်တဲ့အတွက်၊ အလုပ်ကိုလုပ်ရမယ်။
  • (၂) နည်းပြပေးမယ်။ ကိုယ့် customer နှင့် project ကို ကိုယ့်ဖာသာကိုယ် ရှာရမယ်။ Project plan ရေးဆွဲပြီး၊ စီမံကိန်းပြီးအောင် လုပ်ရမယ်။ ဆောင်ရွက်ရမှာအတွက် လိုအပ်တဲ့ သိစရာ၊ လုပ်တတ်စရာကို အချိန်မီရုံကလေး သင်ပေးပြီး၊ လက်တွေ့ ​ချက်ခြင်း အသုံးချရမယ်။
  • (၃) လုပ်တတ်သွားတာကို ကျွမ်းကျင်သွားအောင် ထပ်ခါထပ်ခါ လုပ်ဖို့ တာဝန်ပေးမယ်။ အကြိမ်ကြိမ်လုပ်ပြီး ကျွမ်းကျင်သွားရမယ်။
  • (၄) လက်တွေ့ ရလာဒ်ကောင်းအောင် လုပ်ရမယ်။ ကြိုးစားမှုကို အသိအမှတ်ပြုပေမယ့်၊ အလုပ်ဖြစ်မဖြစ်ကိုက ရလာဒ်နှင့်ပဲ ဆုံးဖြတ်မယ်။
  • (၅) Supervisor နှင့် Director ကို အချိန်မှန် Report လုပ်ရမယ်။
အလုပ်သင်ထဲမှာ အကြံထုတ်တာ၊ Customer ရှာတာ၊ project အစီအစဉ်ဆွဲတာ၊ ထုတ်လုပ်တာ၊ ဈေးရောင်းတာ တွေပါ ခိုင်းပါမယ်။ ကျောင်းဆင်းသွားလို့ အလုပ်ရှာမရခဲ့ရင်တောင် ကိုယ့်ဖာသာကိုယ် ရှာဖွေလုပ်ကိုင်စားသောက်တတ်အောင် ခိုင်းမှာပါ။

အလုပ်သင်မှာ ဘာတွေ လုပ်ရမလဲ

Zwenex က software company ဖြစ်လို့ ခိုင်းဖို့ လမ်းကြောင်း (၃) ခု စဉ်းစားထားပါတယ်။ တစ်ဖွဲ့ခြင်းစီက စိတ်ဝင်စားတာကို ရွေးလုပ်ပေါ့

  • (A) Web Design (static web site projects)
  • (B) Web Application (dynamic web projects)
  • (C) Android Mobile Applications
  • Or (A+B) Or (B+C) or (A+B+C)

ဘာကို ပဲရွေးရွေး Customer နှင့် Project ကို ကိုယ့်အဖွဲ့အလိုက် ကိုယ့်ဖာသာကိုယ် ရှာရမှာ ဖြစ်ပါတယ်။

  • (A) ကိုရွေးခဲ့ရင် ၁၂ ပါတ်အတွင်းကို Website ၁၂ ခုလုပ်ပေး ရပါမယ်။
  • (B) ကိုရွေးခဲ့ရင် ၁၂ ပါတ်အတွင်း Web Application ၆ ခု လုပ်ပေး ရပါမယ်။
  • (C) ကိုရွေးခဲ့ရင် ၁၂ ပါတ်အတွင်း Android App ၆ ခုလုပ်ပေး ရပါမယ်။

ခက်တာရွေးပြီး လုပ်လေလေ ကေျာင်းဆင်းတဲ့အခါ ပြစရာများများရှိလို့ အလုပ်ရှာရလွယ်လေဖြစ်မှာပါ။ ဒီလို အလုပ်သင်တဲ့အခါမှာမှ ဖင်မနိုင်ပဲလည်း ပဲကြီးဟင်း စားသင့်ရင်စားပါ။ ရည်မှန်းချက်မြင့်မြင့်ထားပြီး ကိုယ့်အစွမ်းကိုယ်ကို လေ့ကျင့် စမ်းသပ်ဖို့ ရေွးချယ်ပါ။

Zwenex ဖက်က ကျွန်တော်အပြင် အတွေ့အကြုံရှိပြီးသား Web နှင့် Mobile, software engineer တွေ Forum ထဲမှာပါဝင်ပြီး ကူညီမယ်။
ကျွန်တော်တို့ကတော့ ယူနိုင်သလောက် ပေးမယ်။ မောင်မယ် တို့ဖက်က ဘယ်လောက်စွမ်းသလဲ ကြည့်ကြသေးတာပေါ့။ ;)

အဆူ၊ အဟောက်၊ အငေါက်

  • အလုပ်လုပ်ပြီဆိုတော့ ဘယ်ကုမ္ပဏီမှာ လုပ်လုပ်ပေါ့လျော့ရင်၊ ပျင်းရင်၊ အလုပ်မလုပ်ရင် ဆူခံထိမယ်။
  • အလုပ်ရဲ့ ဖိအားလည်းရှိမယ်။
  • အပြောအဆိုခံရတာရှိမယ် ဆိုတာတော့ မမေ့ကြပါနဲ့ဦး။
  • ကျွန်တော်ကတော့ ဘယ်ဝန်ထမ်းကိုမှ ဆူဆူပူပူ မလုပ်တတ်ပါဘူး။ (လက်ရှိလူတွေမေးကြည့်) မကြိုက်ရင် မကြိုက်ဘူး၊ ဒဲ့ပဲပြောတတ်တယ်။ ခိုင်းလို့မရရင် အတင်းမခိုင်းတတ်ပါ။ မခိုင်းဘဲပဲ နေလိုက်ပါတယ်။ ခိုင်းစရာမရှိတော့ရင်တော့ အလုပ်ဖြုတ်ပစ်ပါတယ်။

မရှင်းတာရှိလည်း အားမနာပါနှင့် မေးပါဗျာ။

Comments

  • ၁၂ ပတ် အတွင်း Website ၁၂ ခု၊ Web App ၆ ခု၊ ဒါမှမဟုတ် Android App ၆ ခု ဆိုတာက အဖွဲ့တဖွဲ့ချင်းဆီက သူ့တို့ရဲ့ရွေးချယ်မှုပေါ်မူတည်ပြီး Website ၁၂ ခု သို့မဟုတ် App ၆ ခု လုပ်ရမှာလားဗျ
  • A or B or C or more than one ကို အဖွဲ့တစ်ခုခြင်းစီအလိုက် ကြိုက်ရာရွေးပါ။

  • အထက်မှာ ကျွန်တော်တို့နှင့် အလုပ်သင်ဝင်ပါက ရွေးချယ်ရန် ၃ ခု ပြခဲ့ပြီ။

    ဘာကိုပဲလုပ်လုပ် Zwenex ရဲ့ Software Enginner တွေသုံးတဲ့ Development Environment ကတော့

    • Ubuntu Linux
    • Sublime editor/Vistual Studio Code/VIM/(there is one who is crazy enough to use Emac)
    • Git (version control system)
    • SQLite, PostgreSQL for databases
    • Chrome/Firefox with Developer Tools
    • Java
    • Ruby
    • Golang
    • Javascript
    • Android Studio and SDK for Mobile Application Development
    • XCode for iOS Application Development
    • Ruby on Rails for Web Development
    • Digital Oceans for Development and Staging systems
    • Amazon Web Services for Production deployments

    Intern တွေကို Linux သုံးကို သုံးရမယ်လို့ အတင်းအကြပ်မခိုင်းပါ။ သို့သော် Linux သုံးရင် ကျွန်တော့်တို့ Development Env မှာ ပိုပြီး အလုပ်တွင်ပါတယ်။


    ကျွန်တော်တို့အနှင့် အလုပ်လုပ်ရင် အခြေခံအားဖြင့် လက်တွေ့ကျကျ သိတတ်ကျွမ်းဖို့ လိုအပ်တာတွေက--

    • ကိုယ်နားလည်တာကို သူများ နားလည်အောင် ရှင်းပြတတ်ဖို့
    • Email ပို့တတ်ဖို့
    • Google Drive (Docs/Sheet/Chat) သုံးတတ်ဖို့ (ဒါက main communication ပဲ)
    • Linux Basic Commandline ကိုသုံးတတ်ဖို့
    • Basic SQL Commands
    • Version control using GIT
    • Prototyping using Pen and Paper
    • IDE/Editor တစ်ခုကို ကျွမ်းကျွမ်းကျင်ကျင်သုံးတတ်ဖို့
    • System Thinking (ဝန်ထမ်းတွေကိုယ်တိုင် ဒါကို သူတို့ကိုယ်သူတို့ တတ်မှန်းမသိကြ)
    • Problem Solving
    • Ruby/Java/Javascript စတဲ့ programming language တစ်ခုတတ်ဖို့ တွေလိုပါတယ်။

    Intern တွေကိုလည်း ၃ လအတွင်းမှာ ဒါတွေနှင့် ထိတွေ့အောင် တွန်းလိုက်၊ ဆွဲလိုက်နှင့် လေ့ကျင့်ခိုင်းပါမယ်။

    ကျောင်းသား/သူများထဲမှာ ကျောင်းပြီးရင် ဒီအတတ်ပညာနှင့် အသက်မွေးမှုပြုဖို့ အစီအစဉ်မရှိသူတွေရှိကြောင်းသိပါတယ်။ ဒါကြောင့် ဒီအရာတွေကို မလုပ်တော့ဘူးကွာဆိုပြီးနေရင်လည်း ဘာမှ မတတ်နိုင်ပါ။​ တာဝန်ပေးထားတဲ့အထဲမှာ ထိုက်သင့်သလို လိုက်ပါလုပ်ကိုင်ကြပေါ့။ အတင်းမလုပ်ခိုင်းပါ။

    Web Design ဆိုင်ရာကို လုပ်မယ်ဆိုရင်

    • HTML5
    • CSS3
    • Document Object Model and Basic Javascript
    • Design Principles
    • Basic Image Editing with GIMP
    • Bootstrap 4, CSS Framework
    • Responsiveness design for Mobile
      တွေကို လေ့လာ၊​ လေ့ကျင့် လက်တွေ့လုပ်ကိုင်ပြီး Website (၁၂) ခု ပစ်မှတ်ထား ထုတ်လုပ်ရပါမယ်။
      Zwenex က Website Design စီမံကိန်းတွေ လုပ်လေ့မရှိပါ။ သို့သော် ဒီအတတ်ပညာက Web ရဲ့ အခြေခံပါ။

    Web Development ဆိုင်ရာ လုပ်မယ်ဆိုရင်

    • Ruby programming Basic
    • Ruby language proficiency exercise
    • Basic web Application using Sinatra Framework
    • Designing RESTful Web applications
    • Ruby on Rails Basic & Scaffolding
    • Basic Authentication for web application
      တွေကို လေ့လာ၊​ လေ့ကျင့် လက်တွေ့လုပ်ကိုင်ပြီး Web App (၆) ခု ပစ်မှတ်ထား ထုတ်လုပ်ရပါမယ်။
      ဒါကတော့ Zwenex ရဲ့ core business line အတတ်ပညာပါ၊ Web application နှင့် API တွေကို မြန်မြန်၊​ များများ၊ မှန်မှန် ထုတ်လုပ်နည်းရဲ့ အခြေခံတွေပဲရှိပါသေးတယ်။ နည်းလမ်းအားဖြင့် တတ်ကျွမ်းပြီးရင်တောင် ကျွန်တော်တို့ရဲ့ လုပ်ငန်းအစီအစဉ် အဆင့်ဆင့် ဘယ်လိုဆောင်ရွက်သလဲကလည်း ကျွန်တော်တို့ရဲ့ ကျွမ်းကျင်မှုတစ်ခုဖြစ်ပါတယ်။

    Android Development ဆိုင်ရာ လုပ်မယ်ဆိုရင်

    • Android Studio and SDK Management
    • Prototyping
    • Application Lifecycle
    • Android Architecture/Jetpack
    • Storage and Persistence
    • Network Calls and API Client
      တွေကို လေ့လာ၊​ လေ့ကျင့် လက်တွေ့လုပ်ကိုင်ပြီး Web App (၆) ခု ပစ်မှတ်ထား ထုတ်လုပ်ရပါမယ်။
      Android App ရေးနည်းဟာ လွန်ခဲ့တဲ့ လပိုင်းကတင် ပိုလို့လွယ်လွယ်လာတာမို့၊ လူတိုင်းကို တောင် သင်ပေးထားလို့ရတဲ့အခြေအေနေဖြစ်နေပါပြီ။ ရေးတတ်တာတဲ့ Application တစ်ခုဖြစ်အောင် ဒီဇိုင်းကို စဉ်းစားတတ်ဖို့က ပိုအရေးကြီးတယ်၊​များများ လုပ်တော့ များများတတ်တာပေါ့။

    ဘာဖြစ်လို့ ၁၂ ခုတွေ ၆ ခုတွေ လုပ်ခိုင်းရတာလဲ ဆိုတော့။​ ၃လ အတွင်းမှာ အလုပ်ရဲ့ Pressure ပိနေအောင်ရယ်၊​ အထက်ကပြတဲ့ နည်းတွေသိပြီး လုပ်တတ်သွားပြီဆိုရင် ထပ်ခါထပ်ခါ လေ့ကျင့်သား ရသွားအောင် ရယ်။ ပထမဆုံး တစ်ကြိမ် အရမ်းအား စိုက်ရပေမယ့်၊ နောက်ဆုံး အကြိမ်မှာ သက်တောင့်သက်သာ လုပ်တတ်တဲ့ အထိ ကွျမ်းကျင်မှု တည်ဆောက်ရအောင်ရယ်အတွက် ရည်မှန်းချက်ကို မြှင့်ထားတာ။

    ဘယ်သူမှ မွေးကတည်းက တတ်မလာဘူး။ အရင်သင်တဲ့လူ ပိုတတ်တယ်။ များများလေ့ကျင့်တဲ့လူ ပိုကျွမ်းကျင်တယ်။

    မရှင်းတာရှိလည်း မေးပါ။ Intern တွေအနေနှင့် ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပြီး၊​ အစွမ်းကုန်အားထုတ်မယ်ဆိုရင် ၃ လအတွင်း (တစ်နှစ်ရဲ့ ၁/၄ ဖြစ်လို့ ကျွမ်းကျင်မှု တည်ဆောက်ဖို့ လုံလောက်တဲ့အချိန်) အပြောင်းလဲကြီးပြောင်းလဲသွားမယ်လို့ ကျွန်တော့်အတွေ့အကြုံအရ ယုံတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်ဖို့နှင့် အစွမ်းကုန်တော့ အားထုတ်ရမယ်နော။

Sign In or Register to comment.